နေပြည်တော်၊ မတ် ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး နှမ်းရိုး အခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေသော အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မကွေး၊ အောင်လံ၊ ဆင်ပေါင်ဝဲနှင့် တောင်တွင်းကြီး မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ဧက ၁၀ သိန်းကျော်မှ ထွက်ရှိလာသော နှမ်းရိုးများကိုအခြေခံ၍ သဘာဝမြေဩဇာများထုတ်လုပ်ရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း၊ မကွေးတိုင်း သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်အလိုက် သမဝါယမအသင်းများက ဦးဆောင်၍ တောင်သူလယ်သမားများအား ပညာပေးစည်းရုံးကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တောင်သူတိုင်းတွင် နှမ်းရိုးနှင့် နွားချေးများရှိထားပြီးဖြစ်ရာ EM ဖျော်ရည်များ အသုံးပြုလျက် သဘာဝမြေဩဇာများကို ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်သည်အထိ ကွင်းဆင်းပြသဆောင်ရွက် ပေးရေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၏ နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ Mobile ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် စုဆောင်းထားသော နှမ်းရိုးနှင့် နွားချေးကုန်ကြမ်းများ၊ EM ဖျော်ရည်များ၊ ဖွဲနုကုန်ကြမ်းများ၊ လက်တွေ့ဆောင်ရွက်ထားသော မြေဩဇာကျင်းများကိုလည်းကောင်း၊ အသင်းသား တောင်သူ ဦးသောင်းရွှေနှင့် ဦးကြည်အောင်တို့၏ လယ်မြေများ၌ နှမ်းရိုး၊ နွားချေး၊ ဖွဲနုဖွဲကြမ်း၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာ ပြုလုပ်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သရက်မြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက် ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝ မြင့်မားရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
သတင်းစဉ်