နေပြည်တော် ဒီဇင်ဘာ ၁၄

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရွှေကမ္ဘာ ငွေစုငွေချေးသမဝါယမအသင်း၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်း၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော မန္တလေးမြို့၊ နိုနှင့်နို့ထွက်ပစ္စည်းစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရေဖြင့် ပက်ဖျန်းကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမ ဦးစီးဌာန၊ တိုင်းဦးစီးမှူးက စက်ရုံသမိုင်းကြောင်းနှင့် ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့မှုကိုလည်းကောင်း၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်း ဥက္ကဋ္ဌ ဦးမျိုးထက်ဝင်းက စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းတင်းတင်ပြကြပြီး စက်ရုံဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်တို့က ဂုဏ်ပြုအမှာစကား ပြောကြားကြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံအတွင်း နွားနို့မှ နို့စိမ်းချက်လုပ်သည့်လုပ်ငန်း၊ နို့ဆီချက်လုပ်သည့်လုပ်ငန်း၊ နို့ဆီများ သံဗူးအတွင်း ထည့်သွင်းသည့်လုပ်ငန်းနှင့် နို့ဆီဗူး၊ နို့စိမ်းဗူးများကို စနစ်တကျပိုးသတ်ခြင်း၊ သန့်စင်ခြင်း၊ ပါကင်ထုပ်ပိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားကြသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာအုပ်စု၊ ကြက်မောက်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ (၃၉ ဒသမ ၁၈) သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ဆောင်ရွက်ခဲ့သော ကျေးရွာ ငါးရွာ၊ အိမ်ခြေ (၁၀၈၄) အိမ်၊ လူဦးရေ (၄၂၉၆) ဦး၊ လယ်ဧက (၂၀၀) နှင့် ယာဧက (၅၀၀) တို့အတွက် အကျိုးပြုစေမည့် ရဲဘော်-၂ ဆည်နှင့် ပျူတွင်းဆည် ပြန်လည်ပြုပြင်ခြင်း၊ ရေပေးမြောင်း တူးဖော်ခြင်းနှင့် Slab Culvert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ကျေးရွာအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဝါမျိုးစေ့နှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းရန်ပုံငွေဖြင့် ကြက်မောက်ကျေးရွာတွင် ဆိတ်မွေးမြူရေး၊ နွားမွေးမြူရေး ဆောင်ရွက်နေသော မွေးမြူရေးအစုအဖွဲ့ လေးဖွဲ့အတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း (၃၀၀) ကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် သင်တန်းတက်ရောက် အောင်မြင်ပြီး တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် သင်တန်းများ ဆက်လက်ပို့ချနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်