နေပြည်တော် ဇန်နဝါရီ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအတွင်း သတ်မှတ်ပေးထားသောနေရာ၌ လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများကိုယ်တိုင် စိုက်ပျိုးထားသော ပန်းဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီအစိမ်းနှင့် မုန်လာဥများ ရောင်းချနေမှုကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ ကွေ့ကြီးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအနေဖြင့် အသင်းသား ၆၅ ဦးပိုင် စိုက်ပျိုးမြေ ၁၁၈ ဧကတွင် ဆောင်းသီးနှံ ပန်းဂေါ်ဖီနှင့် မုန်လာဥများကို အဓိကထား စိုက်ပျိုးလျက်ရှိရာ အာဟာရသုခဈေးသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသဖြင့် အကျိုးအမြတ် ပိုမိုရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မြို့နယ် သမဝါယမအသင်းစု၏ ဘက်စုံစိုက်ပျိုးရေးနှင့် မွေးမြူရေးခြံသို့ သွားရောက်၍ မြို့နယ်သမဝါယမ အသင်းစုနှင့် Big M Group Services Co.,ltd တို့ အကျိုးတူ ပူးပေါင်းစိုက်ပျိုးသည့် ထိုင်း အစေ့ထုတ် ပြောင်းမျိုးများဖြစ်သော GT-200 ၊ GT-822 ၊ GT-722 မျိုး (၁၄) ဧက စိုက်ပျိုးထားမှု၊ ရုရှား သဘာဝမြေဩဇာအသုံးပြု၍ GT-722 မျိုး အစေ့ထုတ်ပြောင်း (၂ဒသမ၉၇) ဧက စိုက်ပျိုးထားမှု၊ ရုရှား သဘာဝမြေဩဇာကို အသုံးပြု၍ ထိုင်း နှံကောက်စပါးမျိုးဖြင့် နွေစပါး (၀ဒသမ၇) ဧက စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ မြို့နယ်သမဝါယမ အသင်းစု၏ ကြက်ကောင်ရေ (၄၀၀၀) မွေးမြူထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သမဝါယမအသင်းစု တာဝန်ရှိသူများနှင့် အသင်းသားများကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ကင်းပွန်းတန်းကျေးရွာ တောင်သူများ၏ စိုက်ပျိုးမြေဧက (၈၀)တွင် စိုက်ပျိုးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော 2HP Solar DC Surface Pump 2.2 Kw (၂) စုံဖြင့် ရေပေးရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထားသော နေကြာစိုက်ခင်းများ ဝတ်မှုန်ကူးနိုင်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ပူးပေါင်းကာ ပျားမွေးမြူရေးပုံးများ ရရှိရန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်