နေပြည်တော် ဒီဇင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှိ တောင်သူဦးကျော်မြင့်ဦး၏ လယ်မြေ (၅) ဧက၌ ရုရှားရွက်ဖျန်း သဘာဝမြေဩဇာ၏ အသုံးပြုမှု နည်းစနစ်အတိုင်း Suryakiran (ဆူရာကီနန်) အိန္ဒိယစပ်မျိုးနေကြာ မျိုးစေ့များကို ၎င်းရွက်ဖျန်းအားဆေးရည်၌ ၂၄ နာရီစိမ်ပြီး အစေ့ချစိုက်ပျိုးခြင်းနှင့် မြေခံမြေဩဇာထည့်သွင်းခြင်းတို့ဖြင့် စံပြစိုက်ကွက်အဖြစ် စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ယာဂုဏ်ဆောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများထံ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ပေးအပ်သည်။
လာမည့် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီတင်သွင်းမှုလျှော့ချပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်းတို့ကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးလျက်ရှိရာ သမဝါယမအသင်းစုချုပ်များ၊ အသင်းစုများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်းပိုင်ငွေတို့ဖြင့် နေကြာစိုက်ဧက ၁၁၀,၀၀၀ ပါဝင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ထွက်ရှိလာသော နေကြာသီးနှံများကို သမဝါယမအသင်းပိုင် ဆီစက်များဖြင့် ကြိတ်ခွဲဖြန့်ဖြူးရောင်းချရေး၊ တောင်သူများအတွက် သီးနှံဈေးကွက်ဖော်ဆောင်ပေးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ညနေပိုင်းတွင် လယ်ဝေးမြို့နယ် TC-2 အားကစားကွင်း၌ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်၊ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်