နေပြည်တော် ဖေဖော်ဝါရီ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော ပဲခူးမြို့နယ် ရွာသစ်ကျေးရွာသို့ သွားရောက်၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးဒုတိယဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်ပေးထားသည့် စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်၊ ကျေးရွာ၏ အဓိကအားထားရသော စပါးစိုက်ပျိုးရေးနှင့် ရာသီသီးနှံစိုက်ပျိုးရေး လုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကျေးရွာအတွင်းအမှိုက်စွန့်ပစ်စနစ်နှင့် ကျေးရွာသို့ လွှဲပြောင်းပေးသည့် အမှိုက်သိမ်းယာဉ်ကို လည်းကောင်း၊ ရွာသစ်ကျေးရွာသူ ‌ကျေးရွာ သားများ ထုတ်လုပ်ထားသော ကြိမ်၊ ဗေဒါ၊ ငှက်ပျောအခြေခံ လက်မှုကုန်ချောပစ္စည်းများကို လည်းကောင်း၊ Green House စနစ်ဖြင့် စိုက်ပျိုးထားသော သီးနှံများကိုလည်းကောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ထားမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာစနစ် ကျေးလက်ရေရရှိရေး လုပ်ငန်းတို့ကို လည်းကောင်း၊ ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော ရန်ကုန်-မန္တလေး လမ်းဟောင်း နှင့် ရွှေတန်ကျေးရွာဆက်လမ်း ဂဝံခင်း ခြင်းလုပ်ငန်းကိုလည်းကောင်း၊ လှည်းကူးမြို့နယ် ကျောက္ကဒင် ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျောက္ကဒင်-ရေကဒစ်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု ထိန်စွန်း ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ခွင့်ပြုခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ငွေများဖြင့် စိုက်ပျိုးထားသော ကင်းပွန် ချဉ်၊ ဆူးပုတ်၊ မုန်လာဥနှင့် ရာသီသီးနှံစိုက်ခင်းများ၊ ကျေးရွာသူကျေးရွာသားများ၏ ကိုယ်ပိုင်စိုက်ခင်း များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ထိန်စွန်းကျေးရွာဘုန်းကြီးကျောင်း၌ ‌ကျေးရွာသူ ကျေးရွာသားများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသောလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်