နေပြည်တော် အောက်တိုဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာသို့ ရောက်ရှိပြီး ပုဂ္ဂလိကပိုင် တွင်းတိမ်များ တွင်းဆေးတွင်းမှုတ်ပြုလုပ်ပြီး  သန့်ရှင်းသော သောက်သုံးရေပြန်လည်ရရှိ အသုံးပြုနေမှု အခြေအနေ ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ကျေးရွာတွင် ပုဂ္ဂလိကတွင်းတိမ် ၁၃၀ ကို တွင်းဆေးတွင်းမှုတ်ဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ရေတိုက်စား၍ ပျက်စီးသွားသော ညောင်ပင်သာ ရွာတွင်းလမ်းပေ (၁၀၀၀) ပြန်လည်ပြုပြင် ပေးနိုင်ရေး အတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ကျေးရွာမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ကူညီပံ့ပိုးပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။

 

ယင်းနောက် ညောင်ပင်သာရွာနှင့် အလယ်ရွာကို ဆက်သွယ်ထားသော ပေ ၁၄၀ တံတားအား သွားရောက်ကြည့်ရှုပြီး ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းနှင့် ကမ်းကပ်ခုံအကြား ပျက်စီးသွားသောနေရာ ပြုပြင်ပေးရေး တံတား အောက်ခြေတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် သဲနုန်းများနှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အလယ်ရွာသို့ ရောက်ရှိပြီး ရေဘေးကြောင့်ထိခိုက် ပျက်စီးသွားသော ၄ လက်မတွင်းနက်အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းဆေးတွင်းမှုတ် ပြန်လည် ဆောင်ရွက်ပေးထားမှု၊ အိမ်သွယ်ရေတိုင်စနစ် ရေဖြန့်ဝေပေးနေမှုနှင့် ရွာတွင်းလမ်းများ အခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ ရွာအလယ်လမ်း ပြန်လည်ပြုပြင်ပေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)