နေပြည်တော် အောက်တိုဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက ဝန်ကြီးရုံးအတွင်းရှိ စိုက်ပျိုးမြေ (၂ဒသမ၈) ဧက၌ GW-11 မျိုး မိုးစပါးစမ်းသပ်စိုက်ကွက်များ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှု အားပေးသည်။

 

အဆိုပါစမ်းသပ်စိုက်ကွက်များတွင် လာမည့်ဆောင်းရာသီ၌ ရက် (၉၀) အိန္ဒိယနေကြာမျိုး ဆာရာကီရမ် (Suryakiran) ၁ဒသမ၁ ဧကကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ဝဲကြီး၊ ကွေ့ကြီး ကျေးရွာများ၌ ဖြစ်ထွန်းအောင်မြင်နေသော မျိုးများဖြင့် ဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် ၁ ဒသမ၇ ဧကကိုလည်းကောင်း ထပ်မံစိုက်ပျိုးပြီး ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ နတ်သရဲကျေး ရွာအုပ်စုသို့ သွားရောက်၍ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော နတ်သရဲ- ပေါစံခေါ-သစ်ဆိမ့်ပင် ကျေးရွာချင်းဆက်လမ်းပိုင်း ပေ (၇၀၀) ပြန်လည်ပြုပြင်ပေးရမည့် အခြေအနေနှင့် လမ်းပခုံးကပ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပေါစံခေါကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရွေ့လျားရေသန့်စင် စက်ယာဉ်ဖြင့် ကျေးရွာသောက်သုံးရေ ဖြန့်ဝေပေးနေမှုကိုလည်းကောင်း၊ ပုဂ္ဂလိကတွင်းတိမ်များ တွင်းဆေး တွင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျေးရွာအတွက် ဆောင်ရွက်ပေးထားသော အိမ်သွယ်ရေတိုင်စနစ်မှ ရေတိုက်စားမှုကြောင့် မြေပေါ်လာသော ရေပိုက်များ ပြန်လည်မြှုပ်နှံပေးနိုင်ရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ကျေးရွာလူထုနှင့်တွေ့ဆုံ၍ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများနေရာတွင် ဆောင်းသီးနှံ ပဲမျိုးစုံနှင့် နွေစပါး ဆက်လက်စိုက်ပျိုးမည့် အခြေအနေများကို မေးမြန်းပြီး လိုအပ်ချက် များ ညှိနှိုင်းဆွေးနွေးသည်။ ယင်းနောက် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး မော်တာနှင့်ပန့်များ အမြန်ပြုပြင်ပေးရေး၊ ပြုပြင်ဆဲကာလအတွင်း ရေသန့်စင်စက်မှရေကို ဖြန့်ဝေပေးရေး၊ ပျက်စီးသွားသော ကျေးရွာတွင်းလမ်းများ စုစုပေါင်း ‌ပေ ၄၀၀၀ ဆက်လက်ပြုပြင်ဆောင်ရွက်သွားရေး တာဝန်ရှိသူများ ကို မှာကြားသည်။

 

ယင်းနောက် နတ်သရဲ-ပေါစံခေါ-သစ်ဆိမ့်ပင် ကျေးရွာချင်းဆက်လမ်း ၂ မိုင် ၇ ဖာလုံပေါ်၌      ရေတိုက်စားပျက်စီး သွားသော ၆ ပေ ၂ လုံးတွဲ Box Culvert နေရာတွင် ဆက်သွယ်သွားလာမှု မပြတ်တောက်စေရေးအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးထားသော ပေ ၅၀ ယာယီဘေလီတံတား တည်ဆောက်ပြီး စီးမှုကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ဘေလီတံတား နေရာတွင် ၁၈ ပေ x ၁၂ ပေ x ၆ ပေ Box Culvert တစ်စင်း ပြန်လည်တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 (သတင်းစဉ်)