နေပြည်တော် နိုဝင်ဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ နှင့်အတူ ပုဗ္ဗသီရိမြို့နယ် သမဝါယမအသင်းများ၏ အိမ်ရှင်မဆီစက်လုပ်ငန်း ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော အိမ်ရှင်မဆီစက်မှ တစ်ရက်လျှင် (၈) နာရီ ၂ Duty ဖြင့် ပိသာ ၁၄၀၀ ကြိတ်ခွဲပေးလျက်ရှိရာ ရက်သတ္တ ၁ ပတ်လျှင် ပိသာ ၄၂၀၀ ခန့် ကြိတ်ခွဲဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျွန်းတောကြီး-ပုစွန်ဆိတ် ကျေးရွာချင်း ဆက်လမ်း အရှည် (၂ဒသမ၃) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကျန်လမ်းပိုင်းအား ဆက်လက်ဖောက်လုပ်ပေးရန် မှာကြားသည်။
ထိုမှတဆင့် တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာသို့ သွားရောက်ပြီး တပ်ကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း (၅) သင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများထံ စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ အသင်းသားတောင်သူ ဒေါ်နုရည်နှင့် ဒေါ်စိန်နုတို့၏ လယ်မြေ (၁၀) ဧကတွင် RAKA 666 ဝါမျိုး စိုက်ပျိုးထားမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် တပ်ကုန်းမြို့နယ်၊ ရွှေဥဒေါင်းခေတ်မီစံပြကျေးရွာသို့ သွားရောက်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဒေသထွက်သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေဥဒေါင်းခေတ်မီစံပြကျေးရွာအတွင်း၌ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာတွင်းလမ်း ပေ (၁၂၇၀) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်