နေပြည်တော် စက်တင်ဘာ ၂၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာသို့ ရောက်ရှိပြီး ရေတိုက် စားခဲ့မှုကြောင့် ပျက်စီးသွားသော ကျေးရွာအဝင်လမ်း ပြတ်တောက်သွားသည့်လမ်းပိုင်း ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းပခုံးအရှည်ပေ(၃၀၀၀) ပြုပြင်ပေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားသည်။

 

ထို့နောက် ရှောက်ကုန်းကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လေမှုတ်စက်များဖြင့် ကိုယ်ပိုင်တွင်းတိမ်များကို တွင်းဆေးတွင်းမှုတ် ပြုလုပ်ပေးနေမှုကို ကြည့်ရှုပြီး ရှောက်ကုန်းကျေးရွာ ရွာတွင်းလမ်းမရှင်းလင်းပေးရေးနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ခန်းမ များအတွင်း သန့်ရှင်းရေးဆောင်ရွက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ရှောက်ကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်၍ စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွဲ့စည်း၍ မျိုးနှင့်သွင်းအားစု ဓာတ်မြေဩဇာများ ကူညီပံ့ပိုးပေးပြီး ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေး သည်။

 

ယင်းနောက် ပုဏ္ဏမာရွာနှင့် ရွာတော်ကုန်းရွာသို့သွားသည့် ကျေးရွာအဝင်လမ်း အရှည်ပေ(၂၀၀၀) လမ်းပခုံး ပြုပြင်ပေးရေး၊ ရေတိုက်စား၍ ပျက်စီးသွားသော ကျေးရွာတွင်း ကတ္တရာလမ်း (၁၅) ပေ ပြန်လည်ပြုပြင်ပေးရေးနှင့် ရွာတော်ကုန်းမှ လမ်းဟောင်းသို့ ဆက်သွယ်သောလမ်း (၄)ဖာလုံ ပြုပြင်ပေးရေးအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒေသခံများနှင့်တွေ့ဆုံပြီး ဆောင်းသီးနှံစိုက်ပျိုးရေးနှင့် မြစိမ်းရောင် ရန်ပုံငွေထုတ်ပေးထားသည့် ရေဘေးသင့်ကျေးရွာများတွင် ချေးငွေအရင်းပြန်ဆပ်ရန် သင့်တော်သည့် အချိန်ကာလ တစ်ခု သတ်မှတ်၍ ဖြေလျှော့ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင် စက်ယာဉ်တစ်စီးဖြင့် ကျောင်းဝင်းအတွင်းရှိ ရေတွင်းမှ ရေကိုသန့်စင်၍ တပ်ကုန်းမြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာ(၈)ရွာသို့ သောက်သုံးရေဖြန့် ဝေပေးနေမှုကိုလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက နဝင်းချောင်းတံတား ချဉ်းကပ်လမ်း ၇၅ ပေ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ပျက်စီးသွားသော တံတားလက်ရန်းများ ပြန်လည်တပ်ဆင်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်မှာကြား၍ မကျီးပင်ကျေးရွာနှင့် ချောင်းခွကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် အဝတ် အထည်များ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် ချောင်းခွကျေးရွာသို့ ရောက်ရှိပြီး တွင်းဆေးတွင်းမှုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ချောင်းဂွကျေးရွာတွင် ကိုယ်ပိုင်တွင်းတိမ် (၃၄)တွင်း ရှိသည့်အနက် (၂၈)တွင်းကို လည်းကောင်း၊ မကျီးပင် ကျေးရွာတွင် (၉၃)တွင်း ရှိသည့်အနက် (၇၈) တွင်းကိုလည်းကောင်း တွင်းဆေးတွင်းမှုတ် ဆောင်ရွက်ပေးထားပြီး ဖြစ်ရာ ကျေးရွာအလိုက် ကျန်တွင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)