နေပြည်တော် ဩဂုတ် ၁၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ရောက်ရှိကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင်အဆင့်/မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား သေချာစွာ နားလည်သဘောပေါက် သိရှိစေရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရေး၊ အထက်အောက် အပြန်အလှန်လေးစားမှု ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးရေး မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဦးစီးမှူးများက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာ  ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ်၊ နမ့်စံလွယ်ကျေးရွာသို့ သွားရောက်ကာ ဘက်စုံသုံးခန်းမတွင် ကျေးရွာလူထုနှင့်တွေ့ဆုံပြီး ရွာတွင်းလမ်းပြုပြင်ပေးရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်ရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ဘက်စုံသုံးခန်းမအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် ၄၄ ဒသမ ၉၈ သန်း၊ စုစုပေါင်း ၅၄ ဒသမ ၉၈ သန်းဖြင့် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တက်ရောက်လာသူများအား လိုက်လံနှုတ်ဆက်၍ ခန်းမတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည်  လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာသို့ သွားရောက်ကာ HT ဆပ်ပြာရည်ထုတ်လုပ်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလုပ်ငန်းသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဇွန်လအတွင်း ဖွင့်လှစ်ခဲ့သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ကျေးရွာသူကျေးရွာသား (၆)ဦး အတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်