နေပြည်တော် မတ် ၈
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကွေ့ကြီးကျေးရွာနှင့် ဝဲကြီးကျေးရွာတို့မှ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယအသင်းများအနေဖြင့် မိမိတို့ကျေးရွာများရှိ စိုက်ခင်းများတွင် ပန်းဂေါ်ဖီဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ပြောင်းဖူးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး အာဟာရသုခဈေးသို့ တိုက်ရိုက်တင်ပို့ရောင်းချ နိုင်ရေး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလျှက်ရှိသည်။
အဆိုပါ သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ ထွက်ကုန်သီးနှံများရောင်းချနေမှုကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက အဆင်ပြေချောမွေ့မှု ရှိ/မရှိ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစု၏ ဘက်စုံသုံး စိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ပြီး ရုရှားသဘာဝမြေဩဇာ အသုံးပြုစိုက်ပျိုးထားသည့် နွေစပါး စမ်းသပ်စိုက်ခင်း (၀ ဒသမ ၇)ဧက စိုက်ခင်း၊ ရုရှားသဘာဝမြေဩဇာအသုံးပြု၍ ထိုင်းအစေ့ထုတ်ပြောင်းမျိုး GT-822 (၂ဒသမ၉၇) ဧက စိုက်ပျိုးထားမှု၊ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြောင်းစိုက်ခင်း ရေသွင်းရမည့်ကိစ္စနှင့် အခြားလိုအပ်ချက်များ မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာသို့သွားရောက်၍ ရွှေဝါထွန်း(၂) စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း၏ အသင်းပိုင်မြေ (၇) ဧကတွင် ရုရှားနေကြာမျိုးများဖြစ်ကြသော Excellent ၊ Bravo ၊ Norma မျိုး (၄ဒသမ၈၃) ဧကနှင့် မြန်မာနေကြာမျိုးများဖြစ်ကြသော ရေဆင်းစပ်မျိုး-၇ နှင့် ဆင်းရွှေကြာ-၂ မျိုး (၂ဒသမ၁၇) ဧက စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အဆိုပါ နေကြာစိုက်ခင်းများအား ၂၀၂၄ ခုနှစ်၊ မတ် ၁၈ ရက်တွင် ပဉ္စအကြိမ်အဖြစ် ရုရှားသဘာဝမြေဩဇာများ ဖျန်းပက်မည်ဖြစ်ပြီး ဧပြီလပထမပတ်တွင် စိုက်ခင်းအားလုံး ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)