နေပြည်တော် ဩဂုတ် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မန်းတောင်ရိပ် မျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မျိုးစေ့ထုတ် စပါး စိုက်ခင်းများကို ကြည့်ရှု အားပေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မနောယျမကျေးရွာသို့ သွားရောက်ကာ မနောယျမလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးစိုးတင့်၏ လယ်မြေ(၃)ဧကတွင် မဂျမ်းတော စပါးမျိုးများ စိုက်ပျိုးထားမှုကိုလည်းကောင်း၊ အသင်းသား တောင်သူ ဦးဖိုးကျော်၏ လယ်မြေ (၅) ဧကတွင် မဂျမ်းတောစပါးမျိုးများ စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ပုဗ္ဗာရာမ ရွာဦးကျောင်းတွင် ရွာသစ်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားများ၊ ရပ်မိရပ်ဖများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အသင်းသားတောင်သူများနှင့် ရပ်မိရပ်ဖများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်(မန္တလေး)သို့ သွားရောက်ကာ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ နိုင်ငံတော်က အားထားရသည့် စီးပွားရေးပညာရှင် လူငယ်လူရွယ်များ မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စာပေသင်ကြားရေးသာမက မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှင်သန်ထက်မြတ်သော လူငယ်လူရွယ်များဖြစ်စေရေး လေ့ကျင့်ပျိုးထောင်ပေးရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေး စကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် သမဝါယမအသင်းစုပိုင်ဆန်စက်ကို လည်းကောင်း၊ ကျောက်ဆည်မြို့နယ်၊ အင်နိုင်းကျေးရွာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အခြေခံစက်ချုပ် နည်းသင်တန်းကိုလည်းကောင်း၊ ဒီနေလင်းဒိန်ချဉ် လုပ်ငန်းကိုလည်းကောင်း၊ ပတ္တာကျေးရွာရှိ ပတ္တာစိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးဝင်းမြင့်နောင်၏ လယ်မြေ (၁၅) ဧကတွင် ဧရာပဒေသာစပါးမျိုးများ စိုက်ပျိုးထားမှုကို လည်းကောင်း၊ အသင်းသားတောင်သူ ဦးငြိမ်း၏ လယ်မြေ (၁၀) ဧကတွင် ဧရာပဒေသာစပါးမျိုးများ စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ရှမ်းရွာကြီးကျေးရွာရှိ အရှေ့ရွာနန်းနှင့် တောင်ပလူ စိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)