နေပြည်တော် ဖေဖော်ဝါရီ ၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမကောလိပ် (ဖောင်ကြီး) ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ စီးပွားရေးလုပ်ငန်း စာရင်းကိုင်ဒီပလိုမာ (Diploma in Business Accounting)၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Marketing Management)၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ (Diploma in Regional Development)၊ အသုံးချစာရင်း အင်းဒီပလိုမာ (Diploma in Applied Statistics) လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ဒီပလိုမာ (Diploma in Social Enterprises Management) လက်မှတ်များ အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဖောင်ကြီးကောလိပ် စုဝေးခန်းမဆောင်၌ ကျင်းပသည်။

 

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒီပလိုမာလက်မှတ်ရ ကျောင်းသား ကျောင်းသူ (၂၇၈) ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

ဉီးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ဒုတိယဝန်ကြီးက အမှာစကား ပြောကြားကာ ပညာသင်နှစ်အလိုက် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများကို ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် သမဝါယမကောလိပ် ကျောင်းအုပ်ကြီး ဦးရဲမြင့်သန်းတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ဗဟိုသမဝါယမအသင်းက စိုက်ပျိုးမြေ (၅၈) ဧကတွင် ရာသီသီးနှံ ကြက်သွန် (၈) ဧက စိုက်ပျိုးထားရှိမှု၊ နှစ်ရှည်ပင်များစိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာ သို့သွားရောက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အုတ်ပုံနှင့် အကယ်ကျေးရွာ၊ ကျေးရွာချင်းဆက် လမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ယာယီတည်ဆောက်ပေးထားသော ပေ (၆၀) ဘေလီတံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တံတားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးက ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အတွက် ဂုဏ်ပြုငွေများ ပေးအပ်၍ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထို့နောက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ပန်းတောကြီးကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် တစ်လုံးထိုးအင်ဂျင်ပြင်သင်တန်း တက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်ဆောင်ရွက်နေသော ဦးမြင့်မြတ်နှင့် ဦးမင်းကိုတို့၏ ဆိုင်ကယ်ပြင်လုပ်ငန်းကို ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ မြို့နယ်မှတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများ၊ ဆီထွက်သီးနှံ မြေပဲနှင့် နှမ်းစိုက်ပျိုးသည့် တောင်သူများ၊ ထွန်းသစ်စ မျိုးစေ့ထုတ် သမဝါယမအသင်း၏ အသင်းသူအသင်းသားများနှင့် တွေ့ဆုံပြီး လိုအပ်သည်များမှာကြားကာ ထွန်းသစ်စ မျိုးစေ့ထုတ် သမဝါယမအသင်းအတွက် အထွက်တိုး မြေပဲမျိုးများ ဖြစ်သော မကွေး-၁၆ မြေပဲမျိုးနှင့် ရမည်းသင်းဒေသအခေါ် ကြွေးကျေမျိုး ဆင်းပဒေသာ-၁၁ မြေပဲမျိုး စုစုပေါင်း တင်း (၃၀) နှင့် သိမ်းငှက် သဘာဝမြေဩဇာအိတ် (၆၀) တို့ကို ပေးအပ်ရာ အသင်းဝင်မြေပဲစိုက် တောင်သူများက လက်ခံရယူကြသည်။

 

ထို့နောက်ငဝန်မြစ် အနောက်ဖက်ကမ်း ကျေးရွာအုပ်စုများဖြစ်သော ဘိသလွန်၊ ဒေါင့်ကြီး၊ ခြောက်ဆယ်၊ သောင်ဘုတ်နှင့် မဲစလီ ကျေးရွာအုပ်စု (၅) အုပ်စုမှ မြစ်ကမ်းပြို၍ နေအိမ်များ ရွှေ့ပြောင်းရသော အိမ်ထောင်စု (၁၉) စုတို့အတွက် Hygene Kit များ ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးကိုယ်စားလှယ်များက လက်ခံရယူကြပြီး တက်ရောက်လာသူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်