နေပြည်တော် ဖေဖော်ဝါရီ ၂၄
    
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့  နံနက်ပိုင်းကဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ် (ဖောင်ကြီး) သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။
              
တွေဆုံစဉ် ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်သန်းက သမဝါယမကောလိပ်(ဖောင်ကြီး)၏ ဘာသာရပ်များ ပို့ချ နေမှု၊ ပညာသင်နှစ်အလိုက် တက်ရောက်သင်ယူနေသော ကျောင်းသားအရေ အတွက်နှင့် လုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြန်မာ့ပညာရေး မျှော်မှန်းချက်နှင့် အညီ ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်သော အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင် အဖွဲ့အစည်းဖြစ်စေမည့် ပညာရေးစနစ် ဖန်တီးဖော်ဆောင်ရာတွင် အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေး၊ မိမိတို့၏ တပည့်သားသမီးများကို ပညာရပ်များ သင်ကြားပေး ရုံသာမက အကျင့်စာရိတ္တကောင်းမွန်ရေး၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ရှင်သန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာအောင် ထုဆစ်ပုံဖော်ပေးကြရေးနှင့် ဆရာ၊ ဆရာမများသည် ဝန်ထမ်း များဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်းကြစေရေး ဆွေးနွေးမှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားကျောင်းသူ များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးသည်။ 
    
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော လှည်းကူးမြို့နယ်၊ ဟိုင်းကူးကျေးရွာ အုပ်စု၊ ကြို့ကုန်းမြောက်ကျေးရွာမှ ကျောက်ခဲလယ်ကွင်းသို့ ဆက်သွယ်သောလမ်း အရှည်ပေ (၅၅၃၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဒေသခံပြည်သူ များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
    
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်ရေး ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများ တွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် ဦးစီးဌာန(၄)ခု ညီညီညွတ်ညွတ်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
    
ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)