နေပြည်တော် ဒီဇင်ဘာ ၁၉

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၆ ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမ အသင်းကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမကဏ္ဍဖြင့် စိုက်ပျိုးသော ဆီထွက်သီးနှံ (နေကြာ) စိုက်ဧက (၁၀၀၂၆၈ဒသမ၆၇) ဧကအတွက် ငွေကျပ် (၁၈ဒသမ၃၂၆) ဘီလီယံတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ ဘတ်ဂျက်ငွေ နှင့် အသင်းပိုင်ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်ကြောင်း၊ ရုရှားနိုင်ငံထုတ် ရွက်ဖျန်းသဘာဝမြေဩဇာသည် ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်သည့်အတွက် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ် အလိုက်ပေးဆပ်ရမည့် ချေးငွေကျန်များကို ယခုဘဏ္ဍာနှစ်အတွင်းမှာ ပေးဆပ်သွားကြရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် (၆၃) ဘီလီယံ ပေးဆပ်ရမည် ဖြစ်ပြီး ယနေ့ထိ ငွေကျပ် (၁၉ဒသမ၇၀) ဘီလီယံ ပေးသွင်းခဲ့သည့်အတွက် ပေးသွင်းရန်ကျန် ငွေကျပ် (၄၃ဒသမ၃၀) ဘီလီယံအပေါ် ဘဏ္ဍာနှစ် (၃) လပတ်အလိုက် ပေးသွင်းရန် သတ်မှတ်ထားသော ပမာဏများအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်သမဝါယမအသင်းစုချုပ်များက အပြေအကြေ ပေးသွင်းသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဗဟိုသမဝါယမ အသင်းကိုယ်စားလှယ်နှင့် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။  

သတင်းစဉ်