နေပြည်တော် ဇွန် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၏ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ သမဝါယမအသင်းစုချုပ်ရုံးသို့ ရောက်ရှိပြီး အသင်းစုချုပ်မှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ အသင်းစုချုပ်တာဝန်ရှိ သူ များက လုပ်ငန်းဆောင်ရွက်နေမှုတင်ပြရာ ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး၏ သမဝါယမ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး၊ ဒေသထွက်ကုန်အခြေခံ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ယင်းနောက် ပုသိမ်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ တိုင်းဦးစီးမှူးများ၏ ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)