နေပြည်တော် နိုဝင်ဘာ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်ပြီး မေတ္တာပေါင်းကူးတံတားဖွင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များက တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတနှင့် တာဝန်ရှိသူများက တံတားကမ္ပည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ တံတားအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ 
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတက သာဓုအနုမောဒနာတရား ဟောကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ (၂၀၀၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမှတင်ပြသော ကျန်ရှိလမ်းပေ (၁၀၀၀) ကို လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းမှာကြားသည်။
ယင်းနောက် ချောင်းကောက်ကျေးရွာ အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသို့ သွားရောက်ပြီး မကွေးတိုင်းဒေသကြီး မြို့နယ် (၆) မြို့နယ်မှ တက်ရောက်လာသော သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နှမ်းရိုးသဘာဝမြေဩဇာ အသုံးပြုကြရန်၊ လယ်ယာမြေများသို့သွားရောက်၍ မြေဩဇာလုပ်နည်းပြသပေးရန် မှာကြားကာ အသင်းသား တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နှမ်းရိုးအခြေခံ သဘာဝမြေဩဇာပြုလုပ်ရန်အတွက် တစ်နေ့လျှင် တင်း ၅၀၀ ကျ နှမ်းရိုးဖြတ်စက် ဆောင်ရွက်နေမှု၊ မြေပေါ်မြေအောက်ကျင်းများဖြင့် သဘာဝမြေဩဇာ ပြုလုပ်ထားမှု၊ ရုရှားရွက်ဖျန်းမြေဩဇာအသုံးပြု၍ စိုက်ပျိုးထားသော ၂၈ ရက်သား ရေဆင်းစပ်မျိုး -၁ နေကြာစိုက်ခင်းတို့ကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာအဝင်လမ်း အရှည် ၁ မိုင် ၄ ဖာလုံ ကျောက်ချောခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်