နေပြည်တော် ဇူလိုင် ၁၅

အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ရင်းတိုက် လေးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး ထူးချွန်သင်တန်းသူ (၅) ဦးကို ခြေနင်းမော်တာ အပ်ချုပ်စက်၊ ဘီတင်စက်နှင့် ဓားစက်များပါဝင်သော လုပ်ငန်းသုံးပစ္စည်း (၁) စုံစီ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး က သင်တန်းသူ (၁၅) ဦးအတွက် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာ (၁၅၅) ရွာကို ရွေးချယ်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရင်းတိုက်လေးပင် ကျေးရွာအုပ်စုတွင် ဇွန် ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်ထိ အခြေခံအပ်ချုပ်စက်သင်တန်းကို သင်တန်းသူ ၁၅ ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် အိုင်ကြီးကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌ မိုးစပါးစိုက်တောင်သူများ၊ သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသား တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်သူများအား ပံ့ပိုးပေးမည့် ဓာတ်မြေဩဇာနှင့် သွင်းအားစုများ အချိန်မီရောက်ရှိရေး၊ စိုက်နည်းစနစ် မှန်ကန်စွာဖြင့် အထွက်တိုးစပါးများ စိုက်ပျိုးကြရေး၊ ထွက်ရှိလာသော သီးနှံများကို ဒေသပေါက်ဈေးဖြင့် ရောင်းချပြီးချိန်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများကို အရစ်ကျ ပြန်လည်ပေးဆပ် ရေး တိုက်တွန်းမှာကြားပြီး အသင်းအမှုဆောင်များ၊ တောင်သူများ၏ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီစောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်၊ ကျန်းမာရေးကောင်းအောင် ဂရုပြုနေထိုင်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်