ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာ နွေစပါး(၁၁၆)ဧက စိုက်ပျိုးရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၈

နိုင်ငံတော်၏ လယ်ယာစီးပွားရေးကဏ္ဍ မြှင့်တင်မှုအခြေအနေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ဂွေးပင်စံပြကျေးရွာ၌ နွေစပါးစိုက်ပျိုးရေးအတွက် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ပံ့ပိုးပေးမည့် အစီအစဉ်၊ ထွန်ယက်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းအစီအစဉ်တို့ကို ဒုတိယဝန်ကြီး ဦးမြင့်စိုးက ရှင်းလင်းပြောကြားသည်။ 

ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာ၊ ဂွေးပင်မြောက်ရွာ၌ တစ်ဆက်တစ်စပ်တည်း စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်နေသော လယ်မြေ (၁၁၆) ဧကတွင် နွေစပါးစိုက်ပျိုးမည့် စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့သည်။

ထို့အပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ စမ်းဝတီ သမဝါယအသင်းလီမိတက်နှင့် ရွှေကမ္ဘာ သမဝါယမအသင်းလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော သဘာဝမြေဩဇာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွက် ကုန်ကြမ်းပစ္စည်းဝယ်ယူရရှိမှု၊ နေ့စဉ်ထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်ပြီး သဘာဝမြေဩဇာများ ဖြန့်ဖြူးရောင်းချမှုတို့ကို ညှိနှိုင်းဆွေးနွေးပြီး ရာသီအလိုက် စိုက်ပျိုးသီးနှံများအတွက် သဘာဝမြေဩဇာများ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဒေသခံတောင်သူများအား ပညာပေးရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ကန်ထရိုက် လယ်ယာစနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ဒေသခံတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စံပြဂွေးပင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူ(၆)ဦး၏ စိုက်ပျိုးမြေ (၇ ဒသမ ၀၅) ဧကတွင် အစေ့ချ(စီဒါ)စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း စသည့် နည်းစနစ် (၃)မျိုး အသုံးပြုစိုက်ပျိုးထားသော GW-11 စပါးမျိုး စမ်းသပ်စိုက်ကွက်များ၏ (၆၅)ရက်သား စိုက်ပျိုးဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ ဒေသခံတောင်သူများ၏ ဆီထွက်သီးနှံများ ကြိတ်ခွဲပေးနိုင်ရေး၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် သမဝါယမအသင်းများက တာဝန်ယူ တည်ဆောက်လည်ပတ်မည့် ဆီစက်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်