နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ ရွှေကြာဖြူ (၁) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဝင်းဗိုလ်၏ နေကြာ၊ မြေပဲစိုက်ခင်းများအနက် ရုရှားသဘာဝမြေဩဇာ အသုံးပြု၍ စိုက်ပျိုးထားသော ဆင်းရွှေကြာ - ၂ နေကြာမျိုး ၁ ဧက ရိတ်သိမ်းပြီးစီးမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ နေကြာစမ်းသပ်စိုက်ခင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၆ ရက်တွင် စိုက်ပျိုးခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ရိတ်သိမ်းခဲ့ရာ တစ်ဧကအစိုအထွက်နှုန်း ၇၂ တင်း၊ အခြောက်အထွက်နှုန်း ၆၈ တင်း ထွက်ရှိခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်