နေပြည်တော် မတ် ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာသို့ သွားရောက်၍ တောင်သူဦးသန်းမြင့်၏ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း၌ ပီလောပီနံများ ရေဆေးသန့်စင်ကြိတ်ခွဲခြင်း၊ အခြောက်လှန်းခြင်း လုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပီလောပီနံ (၃၇,၄၂၉) ဧက စိုက်ပျိုးထားရာ ဟင်္သာတ၊ လေးမျက်နှာ၊ ကျုံပျော်မြို့နယ်များ၌ (၂၈,၀၆၄) ဧက စိုက်ပျိုးကြပြီး ၎င်းတိုးအနက် သမဝါယမစနစ်ဖြင့် စိုက်ပျိုးသော (၂,၁၉၁) ဧကကို တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် ပံ့ပိုးပေးထားကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရှမ်းရွာကျေးရွာသို့သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျေးရွာတွင်း လျှပ်စစ်မီးသွယ်တန်းရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့၏ ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးခဲ့သော ခတ္တူကြိုးတံတား (၁၆၅) ပေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ခတ္တူ - ခုံကြီး - ခြောက်ဆယ် - ရိုးကြီးလမ်းပေါ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ပေးခဲ့သော သံကူကွန်ကရစ်တံတား ပေ (၂၂၀) တည်ဆောက် ပြီးစီးမှုကိုလည်းကောင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးမည့် ခတ္တူ - ခုံကြီး - ခြောက်ဆယ် - ရိုးကြီးလမ်း (၃) ဖာလုံ ကျောက်ချောခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သက္ကရာဇ် ၄၂၀ ပြည့်နှစ်၌ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော သမိုင်းဝင် စတုမုခ ထူပါရုံ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကန်တော့၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသော ငဝန်မြစ်ကမ်းထိန်းလုပ်ငန်းများကို လိုက်လံကြည့်ရှုသည်။
ဆက်လက်၍ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများကိုမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ လေးမျက်နှာမြို့၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်ပြီး ဆရာတော်အား ဖူးမြော်ကန်တော့၍ ကျောင်းသားများအတွက် အလှူငွေနှင့် ဆန် ဆီတို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်