နေပြည်တော် ဖေဖော်ဝါရီ ၁၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင် ကန်များသို့ရောက်ရှိရာ တာဝန်ခံက ဆီများ ပြည်ပမှ မှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်းစားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ဒုတိယဝန်ကြီးက စားသုံးဆီအရည်အသွေးစစ်ဆေးမှု အခြေအနေ၊ ပြည်သူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှု၊ ပြည်တွင်းဖြန့်ဖြူးနေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ ဖြန့်ဖြူးရေးနှင့် လျော့ နည်းမှုမရှိစေရေးတ အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အသင်းဝင်ကုမ္ပဏီ (၁၁) ခုက ပြည်ပသို့ဝမ်းပုံ (In Bulk) စနစ်ဖြင့် ဆန်တင်ပို့ရန် MV. Vega Granat သင်္ဘောပေါ်သို့ ဆန်များတင်ပို့နေမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပသို့တင်ပို့မည့် ဝမ်းပုံ (In Bulk)စနစ်ဖြင့် ပြောင်းများကို အလုံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော HONG LINH-1 နှင့် MV.PIONEER FORTUNE သင်္ဘောများပေါ်သို့ တင်ဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြည်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိပြီး စားသုံးဆီများသိုလှောင်ထားရှိမှု၊ ဆီပေပါများအတွင်းထည့်သွင်းနေမှုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးရန်စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အရေအတွက်နှင့် အလေးချိန်ပြည့်မီစေရေး၊ အများပြည်သူ လက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်