နေပြည်တော် ဖေဖော်ဝါရီ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၆) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ 
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ Naypyitaw State Academy ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် သုတေသီများ တက်ရောက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သုတေသနစာတမ်းရှင်များ၏ ပိုစတာများပြသထားမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ သုတေသနစာတမ်းရှင် အသီးသီးက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက သုတေသနကဏ္ဍ/ နယ်ပယ်အလိုက် အလေးထားဆောင်ရွက်ရမည့် အချက်များကို မှာကြားသည်။
(၃၆) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ကြီးမှူး၍ ဖေဖော်ဝါရီလ ၂၇ ရက် မှ ၂၈ ရက် ထိ ၂ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် သစ်တောသုတေသနဌာနတို့မှ ပညာရှင်များက စာတမ်းပေါင်း (၂၉) စောင်အား တင်သွင်းဖတ်ကြားသွားမည် ဖြစ်သည်။ 
သုတေသနစာတမ်းဖတ်ပွဲ အစီအစဉ်တွင် သဘာဝတောများစီမံအုပ်ချုပ်ခြင်းနှင့် စိုက်ပျိုးပြုစုခြင်း၊ ကာဗွန်သိုလှောင်ခြင်းဆိုင်ရာ စာတမ်းများ၊ ဇီဝမျိုးစုံ မျိုးကွဲလေ့လာဆန်းစစ်ခြင်း ဆိုင်ရာစာတမ်းများ၊ သစ်ဂုဏ်သတ္တိနှင့် သစ်အသုံးချခြင်းဆိုင်ရာ စာတမ်းများ၊ ရေနှင့်မြေအရည်အသွေး လေ့လာဆန်းစစ်ခြင်းဆိုင်ရာစာတမ်းများ၊ သတ္တုကဏ္ဍဆိုင်ရာ စာတမ်းများ၊ တစ်သျှူးမျိုးပွားခြင်းနှင့် မျိုးရိုးဗီဇဆန်းစစ်ခြင်းဆိုင်ရာ စာတမ်း၊ RS/ GIS ကိုအသုံးပြု၍ သစ်တောဖုံးလွှမ်းမှုအား လေ့လာဆန်းစစ်ခြင်းနဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ စာတမ်းများအလိုက်ကဏ္ဍခွဲ၍ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်