ရန်ကုန် ဇန်နဝါရီ ၂၆

 

အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီးဌာန (ရုံးချုပ်)၊ ဇေယျာသီဟခန်းမ၌ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကောက်ခွန် ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ၂၀၂၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့ ဆောင်ပုဒ်မှာ “ Customs Delivering on its Commitment to Efficiency, Security and Prosperity” ဖြစ်ပါကြောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့ ဆောင်ပုဒ်နှင့်အညီ အကောက်ခွန် ဦးစီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုကွင်းဆက်များ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် လုပ်ငန်း ဆောင်ရွက်မှုများ၌ နည်းပညာ ပလက်ဖောင်းလမ်းကြောင်းတွင် ခေတ်မီနည်းပညာများဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရေးအတွက် ခေတ်နှင့်အညီ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် အမြဲမပြတ် လေ့လာသင်ယူကြစေလိုကြောင်း၊ အကောက်ခွန်ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများနှင့် အကောက်ခွန်ဦးစီးဌာနက ချမှတ်ထားသည့် လမ်းညွှန်ချက်များကို လိုက်နာပြီး အဂတိတရားကင်းစွာဖြင့် နိုင်ငံတော်၏ လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ဂုဏ်ကို ရေရှည်လင်းလက် တောက်ပနေစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင် ထာဝစဉ် မှတ်ကျောက်တင်ခံနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကား ပြောကြားပြီး အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုဆုရဘောလုံးအသင်း၊ သွေးလှူဒါန်းမှုအကြိမ် (၂၀) နှင့်အထက် ချီးကျူးဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းဆု ရရှိကြသူများ၊ အကောက်ခွန်ဦးစီးဌာနရှိ ဌာနခွဲများအလိုက် ဂုဏ်ပြုဆုရရှိကြသူများ၊ လုပ်ငန်းစွမ်းဆောင်ရည် ဂုဏ်ပြုဆု ရရှိကြသူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် အကောက်ခွန်ဝန်ထမ်း သားသမီးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ဇေယျာသီဟခန်းမရှေ့တွင် ခင်းကျင်း ပြသထားသည့် အကောက်ခွန်ဦးစီးဌာန၏ တစ်နှစ်တာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် အကောက်ခွန် သမိုင်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ရုံးအဆောက်အဦဟောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးကြောင်းသိရသည်။

 

သတင်းစဉ်