နေပြည်တော် နိုဝင်ဘာ ၂၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (ရုံးချုပ်) သို့သွားရောက်၍ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။
ဦးစွာဒုတိယဝန်ကြီးသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ရှိ ပြည်တွင်း ဘဏ်လုပ်ငန်းဌာန၊ ငွေစုဘဏ်လုပ်ငန်းဌာန၊ ချေးငွေဌာန၊ ဘဏ်တွင်းစာရင်းစစ်ဌာန၊ ငွေရေး ကြေးရေးစီမံခန့်ခွဲမှုနှင့်အဆက်အသွယ်များဌာန၊ ပို့ကုန်ဌာနနှင့် ပို့ကုန် ကုန်သွယ်မှုချေးငွေဌာန၊ သွင်းကုန်ဌာနနှင့် သွင်းကုန်ကုန်သွယ်မှုချေးငွေဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည် ကြည့်ရှု့စစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘဏ်အစည်းအဝေးခန်းမ၌ ဝန်ထမ်းများကိုတွေ့ဆုံ၍ ဘဏ်ဝန်ဆောင်မှုပေးရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူမှု၊တာဝန်ခံမှုဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အထောက်အကူပြုစေရေး ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ နည်းဥပဒေပြဌာန်းချက်များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်၍ စာရင်းအင်းတိကျ မှန်ကန်မှုသည် အလွန်အရေးကြီးသဖြင့် အချက်အလက်များမှန်ကန်စေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်၍ ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ ဘဏ်အနေဖြင့် စီမံကိန်းလျာထားချက်ပါအတိုင်း အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လို အပ်ကြောင်း မှာကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


