နေပြည်တော် မတ် ၁၄

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ ပြင်ဦးလွင်ခရိုင် ပညာ‌ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆို နေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘ များနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ဒုတိယဝန်ကြီးက စာမေးပွဲ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး အလေးထား ဆောင်ရွက်ပေးကြရန် မှာကြား ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ဝါးနက်ချောင်းရွာ အခြေခံပညာအလယ် တန်းကျောင်းခန်းမ၌ မင်းတည်း ကျေးရွာ၊ နောင်ဝယ်ကျေးရွာ၊ ဝါးနက်ကျေးရွာရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖ များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်‌ တွေ့ဆုံပြီး အခြေခံပညာကျောင်း များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆရာ၊ မိဘ၊ ကျောင်းသားများ အားလုံးလက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းပညာရေး၊ ကျောင်းပြင်ပ ပညာ‌ရေးစနစ်များဖြင့် ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက ကျောင်းအဆင့်တိုးမြှင့်ရေး၊ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များနှင့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထောက်ပံ့ငွေများပေးအပ်

ထို့နောက် ဒုတိယဝန်ကြီးက ဆရာဆရာမများအား ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းတွင်း သန့်ရှင်းသာယာရေးတို့ကို ဆရာ ဆရာမများအနေဖြင့် ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်