နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အခြေခံပညာ မူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ စစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် ကလောမြို့နယ် ဟဲဟိုးမြို့ အမှတ် (၆) အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်မိရပ်ဖများ၊ အကျိုးတော်ဆောင်များနှင့် တွေ့ဆုံရာ ကျောင်းသား ကျောင်းသူများ ပညာတတ် လူတော်လူကောင်းများ ဖြစ်လာစေရေးအတွက် ဆရာ ဆရာမ များသာမက ကျောင်းအကျိုး‌တော်ဆောင်များ၊ ရပ်မိ ရပ်ဖများကပါ ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများအား အတန်းပညာ တတ်မြောက်အောင် ပညာသင်ကြားပေးရုံ သာမက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာကို မြတ်နိုး တန်ဖိုးထားသူများဖြစ်အောင် ပြုစုပျိုး‌ထောင်ပေး‌ကြရမည့်အပြင် ဆရာ ဆရာမများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကျောင်း၏ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာ ဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် သရက်ပုကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ အောင်ပန်းမြို့ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အလက(၂) တို့သို့ သွားရောက် ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက် မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် အောင်ပန်းမြို့ ရေချိုရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ ကလောမြို့ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွား‌ရောက်၍ ကျောင်းအတွင်း‌ ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်း စာကြည့်တိုက်များ စနစ်တကျ ထားရှိ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေ၊ စာသင်‌ဆောင်၊ ကျောင်းဆောင်နှင့် ကျောင်းဘောလုံးကွင်း မြေသားလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးမြောက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်