နေပြည်တော် ဩဂုတ် ၃၁

အမျိုးသားအဆင့်မူပိုင်ခွင့််ဆိုင်ရာ မဟာဗျုဟာများ(၂၀၂၃-၂၀၂၈)မူကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ (၂၀၂၃-၂၀၂၈)တွင် “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန် သောမူပိုင်ခွင့် စနစ်တစ်ရပ်တည်ထောင်ရန်” ဟူသော မျှော်မှန်းချက်ဖြင့် မဟာဗျူဟာ ၆ ရပ် ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊  မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာရေးတို့အတွက် အထောက်အကူဖြစ်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ပေါ်ပေါက်လာစေရန် ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်းနှင့် အစည်းအဝေးမှရရှိလာမည့် ဆွေးနွေးချက်များနှင့် အညီပြင်ဆင်ပြီး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံ ညွှန်ကြားရေးမှူးတို့က အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ(၂၀၂၃-၂၀၂၈) မူကြမ်းနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက်များတောင်းခံခဲ့မှု၊ ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ်