နေပြည်တော် မတ် ၂
ထိုင်းခရီးသွားဧည့်သည်များအနေဖြင့် ပိုမိုသိရှိ လာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ရယူထားသော Sai Swe ကုမ္ပဏီလီမိတက်နှင့် ထိုင်းနိုင်ငံရှိ Best International Travel & Agency တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်နှင့် ပုဂံမြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော နေရာများကို ရိုက်ကူးရန် ခရီးစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို ရိုက်ကူးလျက်ရှိသော ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ရင်းရင်းတွေ့ဆုံနှုတ်ဆက်သည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား အစိုးရ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုခရီးစဉ်သည် ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ခုဖြစ်သဖြင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ ယခုကဲ့သို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ လာရောက်ဖူးမြော်၍ ရိုက်ကူးရေးအစီအစဉ်များ ပြုလုပ်ခြင်းကို ကြိုဆိုပါကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ကြောင်း၊ ရိုက်ကူးရာတွင် ဘုရားကြီး ရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ဗုဒ္ဓဥယျာဉ် တော်အတွင်း တည်ဆောက်ထားရှိသော မော်ကွန်းတိုက်၊ ကျောက်စာရုံစေတီတော်များ၊ မုစလိန္နအိုင်နှင့် အခြားသာသနိက အဆောက်အုံများကိုပါ စုံလင်စွာရိုက်ကူးပေးကြ စေလိုကြောင်း၊ ခရီး စဉ်တစ်လျောက် ပျော်ရွှင်ချောမွေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ တွေ့ဆုံ နှုတ်ဆက်သည်။
ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ တာဝန်ရှိသူမှ ဘုရားကြီး အား တည်ထားကိုးကွယ်ပူဇော်ရခြင်းရည်ရွယ်ချက်၊ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု၊ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွားများ လာရောက်ဖူးမြော်မှုတို့ကို ရှင်းလင်းပြောကြားပြီး ထိုင်းဘာသာ စကားဖြင့် ပြုလုပ်ထားသော မှတ်တမ်းဗီဒီယိုကိုပြသသည်။
အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်ြမတ်ကြီး၊ ရတနာဆင်ဖြူတော်များ၊ လွှတ်တော်၊ ပုဂံဒေသရှိ ပုဂံရှုခင်း အလှနှင့် ပုဂံဒေသ၏နေထွက် ရှုခင်းအလှများကို ရိုက်ကူးရေးဆောင်ရွက်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လွှင့်လျက်ရှိသော Channel 8 ရုပ်သံလိုင်းနှင့် အခြားလူမှုကွန်ယက်များမှတစ်ဆင့် ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်စေရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်