နေပြည်တော်၊ ဇန်နဝါရီ ၇
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့သွားရောက်၍ ပုသိမ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲ ရေးအဖွဲ့( Destination Management Organization – DMO)၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများကို ပုသိမ်ဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများတွင် ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားဆွဲဆောင်မှုများစွာကို ပိုင်ဆိုင်ထားသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ကားလမ်းခရီးနှင့် ရေလမ်းခရီးတို့ဖြင့် သွားလာလည်ပတ်နိုင်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ပြီး အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေး၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်ရေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO)များကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့ကြောင့်ဒေသအလိုက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံ ပြည်သူများက တက်ညီလက်ညီ အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ၎င်းတို့၏လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုသိမ်ရုံး ခွဲသို့သွားရောက်ကာ ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများကို တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်