နေပြည်တော် အောက်တိုဘာ ၂၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံကမ်းခြေဒေသ Sea & Lake အပန်းဖြေစခန်းသို့ ရောက်ရှိပြီး ဒီရေတောစိုက်ခင်းများအား စနစ်တကျထိန်းသိမ်း၍ ခရီးသွားဆွဲဆောင်မှု တစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက် ထားမှု၊ ကျောက်စိမ်းပြတိုက်နှင့် သစ်သားပန်းပုပြတိုက်များ ခင်းကျင်းပြသထားမှု၊ အမှတ်တရ ပစ္စည်းအရောင်း ဆိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စွန့်စားအားကစား ခရီးသွားလုပ်ငန်း အစီအစဉ်များဖြစ်သည့် zip Lining၊ Wall Climbing ၊ Quick Jump အစရှိသည့် အားကစားနည်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲမှဝန်ထမ်းများနှင့် တွေ့ဆုံ၍ ချောင်းသာကမ်းခြေ ခရီးစဉ်ဒေသ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး ဌာနပိုင် အဆောက်အဦများနှင့် တည်ဆောက်ဆဲ ဟိုတယ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ချောင်းသာကမ်းခြေဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ် လုပ်ငန်းရှင်များနှင့် ချောင်းသာကမ်းခြေဒေသ Azura Beach ဟိုတယ်၌တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ချောင်းသာကမ်းခြေဒေသသို့ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားကာ ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အခြေအနေနှင့် ဝန်ဆောင်မှုပေး နေမှုများ၊ ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


