နေပြည်တော်၊ ဩဂုတ် ၂၆
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) အထောက်အပံ့ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများမှာ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ ရွေနန်းတော်ဟိုတယ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဒေသခံလူမှုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ ပုဂံဒေသရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်း ပြဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ဉီးစွာဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက ယခုသင်တန်းသည် ဩဂုတ် ၂၃ ရက်က မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်၍ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ-၂၀၂၃ ဖြင့် ကျင်းပခဲ့သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး ဆွေးနွေးပွဲ၏ ဆွေးနွေးချက်များကို အခြေခံ၍ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း။
သင်တန်းသားသင်တန်းသူများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများ ကာကွယ် ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒနှင့်လုပ်ငန်း အစီအမံများ၊ ခရီးသွား မြှင့်တင်ရေးဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများကို သိရှိနားလည်သွားမည်ဖြစ်ရာ လက်တွေ့ပြန်လည်အသုံးချနိုင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းဖွင့်လှစ် သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


