နေပြည်တော် ဖေဖော်ဝါရီ ၅

 

ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ IBIS Style Hotel၊ Gold Leaf Hotel နှင့် Ayarwaddy River View Hotel များသို့ သွားရောက်ကာ ဟိုတယ်များတွင် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Hotels Guest List Management System-HGLMS) အသုံးပြုအနေမှုအခြေအနေ၊ ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချမှုရှိစေရေး စသည့် အရည်အသွေးရှိသော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ဟိုတယ်အဆောက်အဦများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ဟိုတယ်များမှ ဝန်ထမ်းများအလှည့်ကျ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးကြရန်၊ ဟိုတယ်ဝန်ထမ်းများကို ကျွမ်းကျင်လုပ်သားအဖြစ် မွေးထုတ်နိုင်ရန်အတွက် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့ (National Skills standard Authority- NSSA)မှ ဖွင့်လှစ်သည့် Assessor Mythology သင်တန်းကို တက်ရောက်နိုင်ရေး စီမံဆောင် ရွက်ကြရန်နှင့် Assessment Center များ တည်ထောင်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မရမ်းခြံဆိပ်ကမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းပြန်ကြားရေးကောင်တာ အသစ်ဖွင့်လှစ်မည့် အဆောက်အဦကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးသို့သွားရောက်၍ တာဝန် ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံကာ အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာနနှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင်၊ ခေတ်နှင့် လျော်ညီသော စွမ်းဆောင်ရည်များ ပြည့်ဝအောင် ကြိုးစားကြပြီး စဉ်ဆက်အပြတ် အကောင်းဆုံး လေ့လာသင်ယူသွားကြစေလိုကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့၏ အထင်ကရ ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် ဦးပိန်တံတားသို့ သွားရောက်ကာ ခရီးစဉ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု၊ ဒေသထွက် အစားအသောက်များ၊ အမှတ်တရပစ္စည်းများကို ကျန်းမာရေးနှင့် ညီညွှတ်စွာ စနစ်တကျရောင်းချနိုင်ရေး ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ရှိ နိုင်ငံပိုင် ဟိုတယ်များဖြစ်သည့် မိတ္ထီလာဟိုတယ်နှင့် ဝန်ဇင်းဟိုတယ်သို့သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှု၊ ဟိုတယ်သို့ လာရောက်တည်းခို နေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်