နေပြည်တော်၊ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပပြုလုပ်သော ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် - ၂၀၂၄ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ် ပေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်-၂၀၂၄ ပန်းဝင်ကြိုဆိုပွဲ အခမ်းအနားပြုလုပ်သည့် ဒီဇင်ဘာခြံ ပန်းဥယျာဉ်သို့သွားရောက်ကာ ပန်းဝင်လာကြသည့် စက်ဘီးစီး အားကစားသမားများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး စက်ဘီးစီးခရီးစဉ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်ထားသည့် ရွှေနန်းထိုက် ဟိုတယ်သို့သွားရောက်ပြီး ဟိုတယ်လုပ်ငန်းများ လည်ပတ်နေမှုနှင့် ခရီးသည်တည်းခိုမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့သို့ရောက်ရှိပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ အလွယ်တကူသိရှိနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ၆၈ လမ်းတွင် ဖွင့်လှစ်ထားသည့် သတင်းနှင့်ပြန်ကြားရေး ကောင်တာ၊ နိုင်ငံပိုင် ဟိုတယ်များဖြစ်သည့် မန္တလေးစွမ်းဟိုတယ်နှင့် ထွန်းလှဟိုတယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်းနှင့် သင်တန်းကျောင်း အသိအမှတ်ပြုမှုအစီအစဉ် (Accreditation Program)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အာဆီယံမှ သတ်မှတ်ထားသော ASEAN (MRA-TP) Guidelines များနှင့် အညီ ASEAN National Trainer (TOT)သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ASEAN Master Trainer လက်မှတ်ရရှိသူများက သင်တန်းနည်းပြများ အဖြစ် သင်ကြားပေးလျက်ရှိကြောင်း၊ ဟိုတယ်ပရိဝုဏ်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ဟိုတယ်အဆောက်အဦများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းကလည်း ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်