နေပြည်တော် ဖေဖော်ဝါရီ ၃

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး သည် ယနေ့နံနက် ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ လေကြောင်းလိုင်းများ မှတဆင့် ခရီးသွားလာလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားစွဲဆောင်မှုများနှင့် ခရီးသွားဧည့်သည်များ သိရှိလိုသည့် သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် လေဆိပ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၊ သီရိမြိုင်ဟိုတယ် နှင့် ဂန္ဓမာမြိုင်ဟိုတယ် သို့သွားရောက်ကာ ဟိုတယ်များတွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ ဟိုတယ်ပရိဝုဏ်နှင့်ပတ်ဝန်းကျင်စိမ်းလန်း စိုပြေသန့်ရှင်း သာယာလှပရေး၊ ဟိုတယ်အဆောက်အဦများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး၊ လာရောက်လည်ပတ် တည်းခိုနေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသော ဝန်ဆောင်မှုကောင်းများဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ ပိုမိုသိရှိလာရောက်လည်ပတ်စေရန်အတွက် ပြင်ဦးလွင်ဒေသ၏ တောတောင်ရေမြေ သဘာဝအလှအပများနှင့် ထူးခြားသည့်ဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို လူသိများသောမီဒီယာ Channel များ၊ Online မီဒီယာများမှ တစ်ဆင့်မြှင့်တင် ကြော်ငြာခြင်း၊ ခရီးသွားအေဂျင်စီများနှင့်ပူးပေါင်း၍ ခရီးစဉ်များရေးဆွဲဆောင်ရွက်ခြင်းစသည့် ခရီးစဉ်ဒေသမြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်