နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းလိုင်းများမှတဆင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညောင်ဦးလေဆိပ်အတွင်း ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံပိုင်ဟို တယ်များဖြစ်သည့် သရပါဟိုတယ်၊ ပုဂံသံတဲ ဟိုတယ်၊ သီရိပစ္စယာဟိုတယ်နှင့် စန္ဒာဟိုတယ်များသို့ သွားရောက်၍ ဟိုတယ်များတွင် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် (Hotels Guest List Management System-HGLMS) အသုံးပြုနေမှု၊ ဟိုတယ်သို့ လာရောက်တည်းခို နေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံစိတ်ချမှုရှိစေရေးစသည့် အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးနိုင်ရေးနှင့် ဟိုတယ်အဆောက်အဦများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှု ရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ် (Health and Safety Protocols – HSP) ကို ဒေသအဆင့်ရရှိထားသော ဟိုတယ်များက အမျိုးသားအဆင့်ရရှိအောင် ဆက်လက်ဆောင်ရွက် သွားကြရန်၊ မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး (Barrier Free Tourism) အတွက် စီစဉ်ဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် Bagan Information and Training Center (BITC) သို့ သွားရောက်၍ ပုဂံသတင်းပြန်ကြားရေးကောင်တာနှင့် Virtual Reality Tour ပြခန်းကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။

မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ညောင်ဦးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization–DMO) နှင့် ပုဂံမြို့ရှိ Aureum Palace Hotel & Resort ၌တွေ့ဆုံပြီး ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် DMO များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသော ကြောင့် DMO တွင်ပါဝင်သည့် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (DMO) များ ဖွဲ့စည်းဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်းများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်