နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားမြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်-၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ၊မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းအဆင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် -၂၀၂၅ တွင် ပါဝင်စီးနင်းကြမည့် စက်ဘီးစီး အားကစားသမားများနှင့် စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက စက်ဘီးစီးအားကစားသမားများအား သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသို့ ပန်းဝင်ရောက်ရှိလာကြသည့် စက်ဘီးစီး အားကစားသမားများအားကြိုဆို၍ အမှတ်တရ လည်ဆွဲတံဆိပ်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းအတွင်း ခရီးသွားဧည့်သည်များ အပန်းဖြေ လေ့လာလည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် အခြေအနေများကို လှည့်လည် ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ရှိ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များအား ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ၆၈ လမ်းတွင် ဖွင့်လှစ်ထားသည့် သတင်းနှင့်ပြန်ကြားရေးကောင်တာ၊ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် မန္တလေးစွမ်းဟိုတယ်နှင့် ထွန်းလှဟိုတယ်လုပ်ငန်း လည်ပတ်နေမှုနှင့် ခရီးသည်တည်းခိုမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မန္တလေး ရုံးခွဲသို့ သွားရောက်ပြီး ရုံးခွဲတွင်တာဝန်ထမ်းဆောင်နေကြသော အရာထမ်း အမှုထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်