နေပြည်တော်၊ နိုဝင်ဘာ ၈
၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေး နှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေး စခန်းသို့ သွားရောက်ကာ အမျိုးသား အားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့်နည်းပြများ၊ ဒိုင်/ဂျူရီများ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် အဆောင်များပြုပြင် ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ ဆပ်ကော် မတီဝင်များ က လာရောက်ကြမည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဒိုင်/ ဂျူရီ များ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဧည့်ခံကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ရှင်လင်းတင်ပြရာ ဒုတိယဝန်ကြီးက တည်းခိုနေထိုင်သူများအတွက် သောက်ရေ/သုံးရေများ လုံလောက်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့်အညီ သန့်ရှင်းမှုရှိစေရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ကြရန်၊ ဧည့်ခံကျွေးမွေးမည့်အဆောင်များကို သတ်မှတ်ရာတွင် တည်းခိုဆောင်များ အလိုက် စနစ်တကျသတ်မှတ်ရန်၊ အစားအစာများကို အလေအလွင့်မရှိစေရန် ကူပွန်စနစ်ဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်နှင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများဖြစ်စေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ကြရန်၊ ဧည့်ခံ ကျွေးမွေးရာတွင် ပိုမိုကောင်းမွန်မှုရှိစေရန် စားသုံးသူများ၏ အကြံပြုချက်များ ပေးနိုင်ရန်အတွက် အကြံပြုစာအုပ်များ ထားရှိဆောင်ရွက်ရန်၊ ပြိုင်ပွဲဝင်အားကစား သမားများ တည်းခိုနေထိုင်ရာတွင် ရာသီဥတုနှင့်ကိုက်ညီမှုရှိသော အိပ်ဆောင်သုံးပစ္စည်းများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ကြရန်၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ အဆောင်အတွင်းအပြင် သန့်ရှင်းရေးအတွက် သန့်ရှင်းရေး ဝန်ထမ်းများ စနစ်တကျစုဖွဲ့၍ အစဉ်တစိုက်ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တည်းခိုဆောင်များ ပြုပြင်မွမ်းမံနေမှု၊ အဆောင်များပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)