နေပြည်တော် နိုဝင်ဘာ ၂၀
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ သွားရောက်ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားက စားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိလာကြသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့မှ ကျောင်းသား ကျောင်းသူများ နှင့်အုပ်ချုပ်သူများကို တွေ့ဆုံ၍ တည်းခိုနေထိုင်နိုင်ရန် နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဖျော်ဖြေရေးအဖွဲ့များ တည်းခိုနေထိုင်မည့် အဆောင်များတွင် အိပ်ယာခင်း ကျင်းထားမှုအခြေအနေများ၊ ကြီးကြပ်သူများကို နေရာချထားမည့် အခန်းများ၊ စားရိပ်သာများနှင့် သန့်စင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တည်းခိုနေထိုင်မည့် သူများအတွက် သောက်ရေနှင့်သုံးရေများကို အလုံအလောက်ထားရှိရန်နှင့် သန့်ရှင်းမှုနှင့်ကျန်းမာရေးနှင့်ညီ ညွတ်မှုရှိအောင် ဆောင်ရွက်ထားရှိရန်၊ ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်စေရေးအတွက် သက်ဆိုင် ရာအဖွဲ့အလိုက် ကြပ်မတ်ဆောင်ရွက်ရန်၊ စားရိပ်သာများကို သန့်ရှင်းသပ်ရပ်မှုရှိအောင် ပြင်ဆင်ခင်းကျင်းထားရှိနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ အစားအစာများ ချက်ပြုတ်ခြင်းနှင့် ကျွေးမွေးဧည့်ခံခြင်းတို့တွင် သန့်ရှင်းမှုရှိစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့်အား ကစားသမားများ တည်းခိုနေထိုင်နိုင်ရန် တိုင်းဒေသကြီး ပြည်နယ်အလိုက် နေရာချထားမည့် အဆောင်များ၊ အိပ်ယာသုံးပစ္စည်းများ ထိန်းသိမ်းထားမှု အခြေအနေများနှင့် ဆပ်ကော်မတီ ရုံးခန်းဖွင့်လှစ်မည့် အခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


