နေပြည်တော်၊ နိုဝင်ဘာ၂၄
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ တည်းခိုရေးစခန်းသို့ သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန် ရောက်ရှိ လာကြသည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများအား ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ တည်းခိုနေထိုင်ရန် နေရာချထားသည့် အိပ်ဆောင်များသို့ သွားရောက်ကာ အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးပြီး တည်းခိုနေထိုင်စဉ် သတ်မှတ်ထားသော အိပ်ဆောင် စည်းမျဉ်း/ စည်းကမ်းများအတိုင်း စနစ်တကျတည်းခိုနေထိုင်ကြရန်၊ အားကစားပြိုင်ပွဲများ အောင်နိုင်ရေးကိုသာ ဦးစားပေး ကြိုးစားကြရန်၊ တာဝန်ရှိသူများကလည်း အိပ်ရာနှင့် အသုံးအဆောင်ပစ္စည်းများကို လုံလောက်မှုရှိအောင် ထုတ်ပေးကြရန်မှာကြားသည်။
ထို့နောက် စားရိပ်သာများသို့ သွားရောက်ပြီး စားရိပ်သာအတွင်း/ အပြင် သန့်ရှင်းသပ်ယပ်မှုရှိရေး၊ လုံခြုံရေး စနစ်တကျထားရှိရေး၊ ချက်ပြုတ်ကျွေးမွေးမည့် အစားအစာကုန်ကြမ်းများ ဂိုဒေါင်များ၌ စနစ်တကျ သိုလှောင်ထားရှိရေးနှင့် အရည်အသွေး ကောင်းမွန်မှုရှိရေး၊ သန့်ရှင်းသောသုံးရေများ စနစ်တကျစီမံထားရှိရေး၊ ဧည့်ခံကျွေးမွေးမည့် အသုံးအဆောင်ပစ္စည်းများကို စနစ်တကျ ထားသိုသိမ်းဆည်းရေးနှင့် သန့်ရှင်းစင်ကြယ်မှုရှိအောင် ပြင်ဆင်ကြရေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တည်းခိုဆောင်များ၌ လျှပ်စစ်မီးပျက်တောက်မှုဖြစ်ပေါ် လာပါက အရေးပေါ်အရန်မီးစက်ဖြင့် လျှပ်စစ်မီးရရှိရေးပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သောက်သုံးရေနှင့် ဧည့်ခံကျွေးမွေးရေးပစ္စည်းများ၊ အစားအစာကုန်ကြမ်းများ သိုလှောင် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များမှာကြားသည်။
သတင်းစဉ်