နေပြည်တော် နိုဝင်ဘာလ ၂၈
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင် ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ တည်းခိုရေးစခန်းသို့ သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန် ရောက်ရှိတည်းခိုနေထိုင်သည့် တိုင်းဒေသကြီးပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင် ဆက်မည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများ နေ့လယ်စာကျွေးမွေးဧည့်ခံနေမှုများကို သွားရောက်ကြည့်ရှုသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြ များအတွက် ပြင်ဆင်ထားသည့် စားရိပ်သာသို့ သွားရောက်ကာ ဧည့်ခံကျွေးမွေးမည့် ထမင်းနှင့် ဟင်းလျာများ ကောင်းမွန်မှုရှိစေရေးမှာကြားပြီး ပြိုင်ပွဲဝင်အားကစား သမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ နေ့လယ်စာစားသုံးနေမှုများကို လှည့်လည် ကြည့်ရှု၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ချက်ပြုတ်ရေးအဆောင်သို့ သွားရောက်၍ စားရိပ်သာများ နှင့် ချက်ပြုတ်ရေးအဆောင်များ သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည် ကြည့်ရှုပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ချက်ပြုတ်ရန်၊ ချက်ပြုတ်ရေးအဖွဲ့များကို သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်၍ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိအောင် ကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ကျန်းမာရေး ဆပ်ကော်မတီက ဖွင့်လှစ်ထားသည့် ဆေးခန်းများ၊ ဆပ်ကော် မတီ ရုံးခန်းနေရာများ၊ သန့်စင်ခန်းများအား ပိုးမွှားများကင်းစင်စေရန် ပိုးသတ်ဆေးဖြန်းနေမှု အခြေအနေများ၊ တည်းခိုရေးစခန်းအတွင်း အသုံးပြုမည့်ရေများ သန့်ရှင်းမှုရှိစေရန် ရေသန့်စင်စက်ကြီးဖြင့် ရေသန့်စင်နေမှုအခြေအနေများ၊ အုပ်ချုပ်ရေးအဖွဲ့များကို နေရာချထားသည့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်


