နေပြည်တော်၊ ဇွန် ၃၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာန အတွင်းဝန်တို့၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်း အဖွဲ့(UN Tourism) ၏ ပထမအကြိမ် အာရှနှင့် ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဖိုရမ်နှင့် (၃၆) ကြိမ်မြောက်အရှေ့အာရှနှင့် ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့ရှိ Shangri-La Mactan ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အာရှနှင့်ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာခရီးသွား လုပ်ငန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံ လာပူလာပူမြို့ မြို့တော်ဝန် Mr. Junard Chan၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Poloikashvili နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာန အတွင်းဝန် Ms. Christina Garcia Frasco တို့က အဖွင့်အမှာစကား ပြောကြားကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကြသည်။
ထို့နောက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်၏ အစီအစဉ်အရ ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ အတွင်းဝန်၊ အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဂျပန်နိုင်ငံ မြေနှင့် အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ Vice Commissioner နှင့် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ခရီးစဉ်ဒေသမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း ဆွဲဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းတွင် ဒေသခံပြည်သူများ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေးနှင့် အကျိုးအမြတ် ရရှိစေရေး ဆောင်ရွက်ရာတွင် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ အရေးပါသော မူဝါဒများမှန်ကန်စွာ ချမှတ်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက FAO Mountain Partnership project နှင့်စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များက အစားအစာထွက် အမှိုက်များလျှော့ချခြင်းနှင့် ဒေသထွက်ကုန်ပစ္စည်းများ ပိုမိုသုံးစွဲခြင်း၊ အာရှနှင့် ပစိဖိတ်ဒေသရှိ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုများ၊ အစားအသောက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စီဘူးမြို့၏ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူးက စျေးကွက်ထောက်လှမ်းရေး၊ မူဝါဒများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် UN Tourism ၏ အကောင်းဆုံးခရီးသွား ကျေးရွာဆုရရှိသည့် ကျေးရွာများသို့ သွားရောက် လေ့လာခဲ့ကြပြီး ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဇွန် ၂၈ ရက်တွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Sheraton Mactan ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ (၃၆) ကြိမ် မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတ Mr. Ferdinand Bongbong Romualdez Marcos Jr. တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော ရာသီဥတုပြောင်းလဲခြင်းကို တုန့်ပြန်ရာတွင် နည်းပညာအသစ်များအပေါ် ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများကို ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ တိကျပြည့်စုံသည့်မူဝါဒများ ချမှတ်နိုင်ရေးနှင့် အဖွဲ့အစည်းများ ခိုင်မာအားကောင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


