နေပြည်တော် ဩဂုတ်၂၁

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည် ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်ကာ မြန်မာ-လာအို-ထိုင်း (၃)နိုင်ငံနယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် သွားရောက်၍ မြစ်ကြောင်း တစ်လျှောက်တွင် ပြည်တွင်းခရီးသွားဧည့်သည်များ သွားရောက် အပန်းဖြေ လည်ပတ်နိုင်ရေး အတွက် ဖော်ထုတ်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြန်မာ-လာအို- ထိုင်း(၃)နိုင်ငံ နယ်စပ်တစ်လျှောက် အပျော်စီးမြစ်ကြောင်း လေ့လာရေးခရီးစဉ်များ ဖော်ထုတ်နိုင်မှုအခြေအနေများကို လှည့်လည်ကြည်ရှုသည်။

ဆက်လက်၍ Golden Triangle Paradise Resort ဟိုတယ် သို့သွားရောက်ကာ ဟိုတယ်ဝင်းအတွင်း မဲခေါင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြိုကျမှုမဖြစ် စေရေး မြေထိန်းနံရံ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာ-လာအို နယ်နိမိတ်မြစ်၊ မဲခေါင်မြစ်၏ မြန်မာဘက်ကမ်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်