မွန်ဘိုင်း မေ ၂

 

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဂျေရိုကမ္ဘာ့ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES-2025) ဒုတိယနေ့အစီအစဉ်၏ ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်ဆွေးနွေးသည်။

 

အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ ပြန်ကြားရေးနှင့် ရုပ်သံလွှင့်ဝန်ကြီးဌာနဝန်ကြီး မစ္စတာ Sh. Ashwini Vaishnaw ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး Dr S Jaishankar ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မီဒီယာကဏ္ဍဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် မီဒီယာတာဝန်ခံများ တက်ရောက်ကြ သည်။

 

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြန်ကြားရေးဝန်ကြီးများ နှင့် အဖွဲ့အစည်းများမှ အကြီးအကဲများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာမီဒီယာ ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ ပြန်ကြားရေးနှင့် ရုပ်သံလွှင့်ဝန်ကြီးဌာနဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ တီထွင်ဖန်တီးမှု၊ ယဉ်ကျေးမှုဆက်နွှယ် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အတူတကွ လက်တွဲဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီးက ယနေ့ခေတ်၏ နည်းပညာသည် လူငယ်များနှင့်အတူ တီထွင်ဖန်တီး နိုင်မှုများအပေါ် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာနေသဖြင့် လိုအပ်သည့် စည်းမျဉ်းများဖြင့် စနစ်တကျကိုင်တွယ် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အနာဂတ်အတွက် အတူပူးတွဲလျှောက်လှမ်းကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ကမ္ဘာလုံးဆိုင်ရာမီဒီယာ နှင့် ဖျော်ဖြေရေးညီလာခံ (WAVES- 2025) ၏ မိတ်ဆက်ဗီဒီယိုကို ပြသသည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတ်ယဝန်ကြီး များနှင့် အဖွဲ့အစည်းအကြီးအကဲများက ဆွေးနွေးပြောကြားကြသည်။

 

ဒုတိယဝန်ကြီး ဦးရဲတင့်က ဆွေးနွေးရာတွင် နည်းပညာများ အပြန်အလှန် မျှဝေဖလှယ်ခြင်းအားဖြင့် နည်းပညာ အားနည်းကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် များစွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ ဆက်ဆံမှုသမိုင်းကောင်းများစွာ ရှိသည့် မိတ်ဆွေအိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး မကြာမီက မြန်မာနိုင်ငံတွင်ကျရောက်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက် မှုအဖွဲ့များနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၇၅၀ ခန့်တို့ကို ပေးပို့ကူညီခဲ့ခြင်းအတွက် မိမိတို့နိုင်ငံနှင့် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုကျင်းပသည် WAVES 2025 နှင့် ကမ္ဘာလုံး ဆိုင်ရာ မီဒီယာဆွေးနွေးပွဲတို့မှ ထွက်ပေါ်လာသည့် ရလဒ်ကောင်းများဖြင့် မိမိတို့အတူတကွ တက်ရောက်လာကြသည့် နိုင်ငံများသည်လည်း အိန္ဒိယနိုင်ငံနှင့်အတူ တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆန္ဒပြုပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကမ္ဘာ့နိုင်ငံများမှ ပေးပို့သည့် video message များကို ဖွင့်လှစ်ပြသပြီးနောက် ကမ္ဘာလုံးဆိုင်ရာမီဒီယာ ဆွေးနွေးပွဲ၏ ပူးတွဲသဘောတူညီချက်ကို ထုတ်ပြန်၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES-2025)ကို မေ ၄ ရက်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်