ဒုတိယဝန်ကြီး ဦးရဲတင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့၌ ကျင်းပသည့် World Internet Conference Digital Silk Road Development Forum တွင် အမှာစကားပြောကြား

ရှီအန်း ဧပြီ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့ရှိ Internation Convention Center တွင် ကျင်းပသည့် World Internet Conference Digital Silk Road Development Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ Vice - Chairperson of 14th CPPCC National Committee , H.E . Wang Yong , Secretary of the CPC Shaanxi Provicial Committee , Chairperson of Standing Committee of Shaanxi Provincial Congress, H.E. Zhao Yide တို့ တက်ရောက်၍ နှုတ်ဆက်အမှာစကား ပြောကြားကြသည်။

အဖွင့်မိန့်ခွန်း ပြောကြား

ထို့နောက် WIC မှ တာဝန်ရှိသူများ၊ အထူးဧည့်သည်တော်များနှင့်အတူ ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့်မိန့်ခွန်းပြောကြားသည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဖိုရမ်၏ခေါင်းစဉ်မှာ Connectivity and Shared Prosperity ဖြစ်သဖြင့် ဒစ်ဂျစ်တယ်ပိုးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဆွေနိုင်ငံအသီးသီးက အတူချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အတူတကွမျှဝေခံစားနိုင်စေရန် နှိုးဆော်တိုက်တွန်း၍ ဖော်ဆောင်သည်ဟု ခံစားမိပါကြောင်း၊ ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းတွင် 5G အင်တာနက်ကွန်ရက်များ၊ သမုဒ္ဒရာဖြတ်ကျော်ရေအောက်ကြေးနန်းများ၊ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်အပါအဝင် ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်ခြင်းများ၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ နည်းပညာသုံးကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ IT နည်းပညာစင်တာများ တည်ထောင်ခြင်းနှင့် Smart City များ တည်ထောင်ခြင်း၊ အီလက်ထရောနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း(E-Commerce) များ ပါဝင်သည့်အတွက် စီမံကိန်းတွင်ပါဝင်သည့်ဒေသများ၊ နိုင်ငံများအားလုံး အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပိုးလမ်းမသည် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို သိသာထင်ရှားစွာ ပြောင်းလဲလာစေနိုင်ပြီး ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရေး အတွက် နည်းပညာကို အသုံးချဆောင်ရွက်ရန် လိုအပ်သည့် တူညီသောအမြင်ကို ဖော်ပြလျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကြောင့် အကျိုးကျေးဇူးများရရှိနိုင်သကဲ့သို့ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှု၊ ဆိုရှယ်မီဒီယာများတွင် မဟုတ်မမှန်သတင်းများနှင့် အမုန်းစကားများ ကြီးထွားလာမှု၊ ဒစ်ဂျစ်တယ်ကွာဟမှုနှင့် ဆိုက်ဘာလိမ်လည်မှုအပါအဝင် စိန်ခေါ်မှုများကိုလည်း ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်း၊ အတူတကွလုပ်ဆောင်ခြင်း၊ ကောင်းမွန်သောလုပ်ဆောင်မှုများကို မျှဝေခြင်း၊ စနစ်ကျပြီး ခိုင်မာသော လုပ်ထုံးလုပ်နည်းများ သတ်မှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးသွားကြရမည်ဟု ယူဆကြောင်း၊ ကျေးလက်ပြည်သူများကို ဘက်ပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေနိုင်သည့် ဒစ်ဂျစ်တယ်ကျေးရွာများ ထူထောင်ပေးပြီး ၎င်းတို့ကို ဒစ်ဂျစ်တယ်ပိုးလမ်းမမဟာဗျူဟာထဲသို့ ထည့်သွင်းပေါင်းစပ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေပြီး ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ပိုးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်မှုများသည် မိမိတို့ မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိသော မောင်းနှင်အားဖြစ်သဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့သည် မိမိတို့မြန်မာနိုင်ငံတွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိပြီး တစ်ဦးနှင့်တစ်ဦး ရေစင်များ ပက်ဖျန်းကာ နှစ်သစ်ကို ကြိုဆိုသည့်အချိန်နှင့် တိုက်ဆိုင်နေပါကြောင်း၊ ထို့ကြောင့် ယခုလို မြန်မာနှစ်သစ်ကူးအခါသမယမှာ ကြုံတွေ့ရသည့် တက်ရောက်လာသူ မိတ်ဆွေများအားလုံး သင်္ကြန်အတာရေကဲ့သို့ အေးချမ်းပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် World Internet Conference မှ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့မှ ကျွမ်းကျင်သူများ၊ ပညာရှင်များ တက်ရောက်ကြပြီး အဓိကဖြစ်သည့် Digital Silk Road Forum အပြင် သတ်မှတ်ခေါင်းစဉ်များဖြင့် ဖိုရမ်အငယ်များခွဲပြီး ဆွေးနွေးညှိနှိုင်း၍ ဒစ်ဂျစ်တယ်ပိုးလမ်းမကြီး တည်ဆောက်ရေး နည်းလမ်းကောင်းများ၊ အခွင့်အလမ်းများ ရှာဖွေထုတ်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် World Internet Conference Digital Silk Road Development Forum သို့ ဆက်လက်တက်ရောက်ခဲ့သည်။

သတင်းစဉ်