နေပြည်တော်၊ ဇူလိုင် ၈
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် (၆) ရက်က မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့ရှိ မြင်းပျံပုန်းရည်ကြီးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် နိုင်ငံတော်ဝန်ကြီးချုပ် မြင်းပျံပုန်းရည်ကြီးလုပ်ငန်းသို့ လာရောက် ကြည့်ရှုစဉ် လမ်းညွှန်မှာကြားခဲ့သည့် အချက်များကို သက်ဆိုင်ရာဌာနများက ပံ့ပိုးဆောင်ရွက်လျက်ရှိမှု၊ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှုများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ ထုပ်ပိုးမှုအဆင့်မီလှပပြီး စားသုံးသူများ အန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေးနှင့် အရသာကောင်းမွန်သော မြန်မာ့ထုတ်ကုန်အဖြစ် ပြည်တွင်း၊ ပြည်ပသို့ ထိုးဖောက်နိုင်ရေးတို့အတွက် MSME အေဂျင်စီအနေဖြင့် လိုအပ်သည်များ ညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ လေးထောင့်ပုံ သံမဏိချောင်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများအား အဖွဲ့ (၄) ဖွဲ့ (၃) ဆိုင်း စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်း၊ ကုန်ကြမ်း၊ သွင်းအားစု များကို ကြိုတင်စုဆောင်းထားရှိရန်၊ စက်ရုံမှထွက်ရှိသည့် လေးထောင့်ပုံ သံမဏိချောင်းများ၏ အရည်အသွေးသည် ကောင်းမွန်သဖြင့် ကုန်ကြမ်းများကို လက်ရှိသတ်မှတ် အချိုးအစားများအတိုင်း ဆက်လက်အသုံးပြုသွားရန်၊ သံရည်ကျိုရာတွင် အဆင်သင့် အသုံးပြုနိုင်ရေးအတွက် အပ်နှံထားသည့် စက်ရုံရှိ မီးရထားတွဲဟောင်းများကို ကြိုတင်ဖြတ်တောက်ထားရန်၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အဖွဲ့များ၏ လိုအပ်ချက်များကိုလည်း ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံမှူးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း၌ လေးထောင့်ပုံ သံမဏိချောင်းများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ တိုးချဲ့စီမံကိန်းအဆင့် (၂) တွင် စက်ပစ္စည်း ကိရိယာများ တပ်ဆင်နေမှုနှင့် စက်ကြံ့ခိုင်ရေး စစ်ဆေးဆောင်ရွက်ရမည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


