နေပြည်တော် စက်တင်ဘာ ၉

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး သံရည်ကျို အလုပ်ရုံအမှတ် (၁) တွင် သံရည်ကျိုလုပ်ငန်းဆောင်ရွက်နေမှု၊ လေးထောင့်ပုံ သံမဏိချောင်းများ ထုတ်လုပ်နေမှု၊ အောက်ဆီဂျင်အလုပ်ရုံ လည်ပတ်နေမှု၊ သံရည်ကျိုအလုပ်ရုံ အမှတ် (၂) လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သည် နိုင်ငံပိုင်သံမဏိစက်ရုံဖြစ်၍ ထုတ်လုပ်သည့် သံမဏိချောင်းများ၏ အရည်အသွေးအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်ရှိ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်နှင့် စက်ရုံမှထုတ်လုပ်သော လေးထောင့်ပုံ သံမဏိချောင်းများမှတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိချောင်းအမျိုးမျိုး ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်၍ အရည်အသွေး ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် နိုင်ရေးအတွက်လိုအပ်သော ကုန်ကြမ်းပစ္စည်းများနှင့် စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူ ဖြည့်တင်းထားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဝန်ထမ်းတစ်ဦးချင်းစီ‌ အနေဖြင့် သတ်မှတ်စည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင် ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်