နေပြည်တော်၊ ဇန်နဝါရီ ၁၉
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၌ အောက်ဆီဂျင်ထုတ်လုပ်သော အလုပ်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက အောက်ဆီဂျင်ထုတ်လုပ်သော အလုပ်ရုံလည်ပတ်နိုင်ရန် အတွက် လိုအပ်သောရေသန့်စင်ပေးသည့် အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် အောက်ဆီဂျင် ထုတ်လုပ်သော အလုပ်ရုံတွင် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အောက်ဆီဂျင်ထုတ်လုပ်သောအလုပ်ရုံ လည်ပတ်နိုင်ရေးအတွက် မြန်မာဘက်မှ ဆောင်ရွက်ရမည့်လုပ်ငန်း (၄၅) ခုအနက် ဆောင်ရွက်ပြီးစီးနိုင်မည့် လုပ်ငန်းများကို ယခုနှစ်မတ်လမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ကျန်လုပ်ငန်းများကိုလည်း သတ်မှတ်အချိန်အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ရှိ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများ၊ အလုပ်ရုံခွဲများမှ တာဝန်ခံအရ ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝန်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး ပြီးစီးနိုင်ရန်လိုအပ်သကဲ့သို့ မိမိတို့ကိုင်တွယ်ဆောင်ရွက်ရမည့် စက်ပစ္စည်းများနှင့် ပတ်သက်၍လည်း ကျွမ်းကျင်မှုရှိအောင် ကြိုတင်လေ့လာထားရန်ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးကာ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


