နေပြည်တော်  ဇူလိုင်  ၃၁

 

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီ  Phase-2 & 2A တို့တွင် ပါဝင်သည့် Hot Strip Mill အတွင်း စက်များတပ်ဆင်ထားရှိမှု၊ Meltshop-2 အတွင်းရှိ စက်များတပ်ဆင် ထားရှိမှု၊ Scrap များ စုပုံနိုင်ရေးအတွက် မြေနေရာသတ်မှတ် ရွေးချယ်ထားရှိမှု၊ Sub-Station အတွင်း လျှပ်စစ် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မှုနှင့် အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်ရုံခွဲများအတွင်းရှိ တပ်ဆင်ပြီး စက်ပစ္စည်းကိရိယာများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ PLC စနစ်များ ပြုပြင်နိုင်ရေးအတွက် ကြိုတင်စစ်ဆေးထားရန်၊ တပ်ဆင်ထားရှိသည့် ကရိန်းများကို စမ်းသပ်မောင်းနှင်ရန်၊ စက်ရုံအတွင်း လျှပ်စစ် သွယ်တန်းထားမှု အခြေအနေကို လျှပ်စစ် စစ်ဆေးရေးဌာနမှ စစ်ဆေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ Phase-2 စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့ (Project Team) ဖွဲ့စည်းရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အဆိုင်းစနစ်ဖြင့် ဆောင်ရွက်မည့် အစီအမံ များ ရေးဆွဲတင်ပြရန်နှင့် ဝန်ထမ်းများအား သံမဏိထုတ်လုပ်သည့် နည်းပညာများ လေ့ကျင့်သင်ကြား ပေးရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက စက်ရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများကို ကြိုတင်ဝယ်ယူ စုဆောင်းထားရန်၊ စက်ရုံအတွင်းရှိ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များကို မိမိဝန်ထမ်းများဖြင့် ဆောင်ရွက်နိုင်ရေး လေ့ကျင့်သင်ကြားပေးရန်နှင့် လုပ်ငန်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရန် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)