နေပြည်တော် ဇန်နဝါရီ ၂၀
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာစက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ စက်ရုံမှ ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သော ထုတ်လုပ်မှုအထောက်အကူ ပြုပစ္စည်းများ၊ စက်အရန်ပစ္စည်းများကို လုပ်ငန်းရုံးချုပ်၏ အစီအမံဖြင့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ဝန်အားပြည့် ရရှိချိန်တွင် ထုတ်လုပ်မှုလျာထားချက် ပြည့်မီအောင် စီမံဆောင်ရွက်ရန်နှင့် ဆောင်ရွက်မည့် အစီအမံများ ကိုလည်း လုပ်ငန်းရုံးချုပ်နှင့် ညှိနှိုင်းပေါင်းစပ်ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ် (ဆောက်လုပ်ရေး) ခေါင်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယခု ဘဏ္ဍာရေးနှစ်မကုန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စက်ရုံနှင့်ဒေသအတွက် လူမှုတာဝန်သိမှုလုပ်ငန်း (CSR) များ ပံ့ပိုးပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စီမံကိန်းအတွက် ထပ်မံဝယ်ယူထားသည့် မီးခံအုတ်များ ရောက်ရှိနေမှု၊ စက်သုံးဆီများ သိုလှောင်ထားမှု၊ ထရန်စဖော်မာများ အစားထိုးလဲလှယ် တပ်ဆင်နေမှု၊ လုံခြုံရေးကင်မရာ(CCTV)များ တပ်ဆင်ထားရှိမှုအခြေ အနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းသိုလှောင်ရုံအတွင်းသို့ ရောက်ရှိသည့်ပစ္စည်းများကို ပထမဆုံး ထုတ်သည့်စနစ် (First-in, First-out) ဖြင့် ထုတ်ယူသုံးစွဲရန်၊ မြေအောက်ဆီ သိုလှောင်ကန် ပတ်ဝန်းကျင်ရှိ မြေပြင်ပေ(၂၀)ခန့်ရှင်းလင်းထားရန်၊ စက်ရုံလုံခြုံရေးနှင့် ပတ်သက်၍ အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်